Untitled Document
Untitled Document

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

လူမှုအသိုင်းအဝိုင်းတွင် ကျင်လည်ရှင်သန်နေကြသော ကျွနု်ပ်တို့အားလုံးသည် တစ်ဦးနှင့်တစ်ဦးအပြန်အလှန် မှီခိုအားထားပြီး ဘဝခရီးကိုနှင်နေကြရပါသည်။ ခရီးတစ်ခုဖြစ်သကဲ့သို့ ချောမွေ့သောလမ်းကိုလျှောက်လှမ်းရချိန်၊ ခက်ထန်ကြမ်းတမ်းသောလမ်းကိုလျှောက်လှမ်းရချိန်၊ သောကဗျာပါရပူလောင်မှုနှင့် လျှောက်လှမ်းရချိန်များ ကြုံကြိုက်ကြရမည်မှာအမှန်ပင်ဖြစ်ပါသည်။

မိခင်၏ ဝမ်းကြာမှ လောကကမ္ဘာထဲသို့ခြေစုံပစ် စတင်ဝင်ရောက်လာသည်နှင့် ဘဝနေဝင်ချိန်တိုင်အောင် ခရီးတစ်ခုလျှောက်လှမ်းနေကြသော ကျွနု်ပ်တို့ အားလုံးသည် ခရီးပြုဖော်များပင်ဖြစ်ကြပါသည်။ ခရီးပြုဖော်များဖြစ်သည် အားလျော်စွာတစ်ဦးနှင့်တစ်ဦးဖေးမကူညီရိုင်းပင်းကာခရီးဆုံးထိအောင်လျှောက် လှမ်းနေကြသောဘုရားရှင်၏ သားသမီးများပင်ဖြစ်ကြပါသည်။ သို့ဖြစ်၍ ပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမများရပ်တည်ရှင်သန်ရာ ဘဝအနေအထားများ စုံလင်စွာမြင်တွေ့နိုင်ပါသည်။

မတူကွဲပြားသောယုံကြည်မှုများ၊ ခြားနားသောယဉ်ကျေးမှုဓလေ့ ထုံးတမ်းများစုံလင်သောစကားများ၊ နေထိုင်မှုအဆင့်အတန်းအနိမ့်အမြင့် ပုံစံအမျိုးမျိုးပညာသမ္မာဓိရှိသူနှင့် ပညာဉာဏ်ရည် အားနည်းသူများ၊ ချမ်းသာကြွယ်ဝသူနှင့် ဝမ်းစာ မဖူလုံသူများစသည်ဖြင့် အမျိုးမျိုးအဖုံဖုံများကြားထဲတွင် ကျွနု်ပ်တို့သည်လည်း တစ်ဦးအပါအဝင်ဖြစ်ပါသည်။ ကွဲပြားခြားနားသောအပေါ်ယံမျက်နှာဖုံးကိုခွာချကြလျှင် တူညီသောလူ့ဂုဏ်သိက္ခာ၊ တူညီသောဘုရားရှင်၏ ပုံသဏ္ဌာန်တော်နှင့် ဖန်ဆင်းခံရသောသားသမီးဖြစ်ခြင်းနှင့် အတူတူညီသောပန်းတိုင်သို့ လျှောက်လှမ်းနေကြသောခရီးသည်များပင်ဖြစ်ကြပါသည်။

ကျွန်ုပ်တို့၏ တူညီသောပန်းတိုင်ဖြစ်သည့် ကောင်းကင်ဘုံသုခ ထာဝရအသက်တာကို ပိုင်ဆိုင်နိုင်ကြစေရန် တစ်ဦးနှင့်တစ်ဦးပါရမီဖြည့်ဆည်းပေးကြရမည်သာမဟုတ်ပါလော့။ အထူးသဖြင့် အားနည်းချက်ကိုယ်စီဖြင့် မပြည့်စုံသောအသက်တာမှ ပြည့်ဝစုံလင်သောအသက်တာကိုပိုင်ဆိုင်နိုင်ရန် နားလည်ပေးတတ်ခြင်း၊ ခွင့်လွှတ်ပေးတတ်ခြင်းတံတားများတည်ဆောက်ကာ ငြိမ်းချမ်းသာယာခြင်း၊ ချစ်ခြင်းလွှမ်းမိုးသော လူမှုအသိုင်းအဝိုင်းကို ဖန်တီးတည်ဆောက်ကာတစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီ ကရုဏာပွားများကြရန်မှာဘုရားရှင်၏ အလိုတော်မြတ်ပင် ဖြစ်ပါသည်။

အမုန်းမီးစတောက်လောင်မည့်အစား ချစ်ခြင်းမီးလျှံလောင်မြိုက်စေရန်၊ အတင်းအဖျင်း ဖောင်ဖွဲ့မည့်အစား နားလည်သည်းခံ သဘောထားကြီးတတ်စေရန်၊ တစ်ကိုယ်ကောင်းအတ္တဆန်မည့်အစား အများအကျိုးသယ်ပိုး ဆောင်ရွက်စေရန်၊ ရန်ငြိုးရန်စထားနေမည့်အစားခွင့်လွှတ်ခြင်းဖြင့် ငြိမ်းချမ်းကြစေရန်၊ပိုင်ဆိုင်မှု များလျှံပယ်လို့ ဖြုန်းတီးမည့်အစား၊ မရှိအားနည်းသူများကူညီထောက်မစေရန်စသည့်ဖြင့် ပြုကျင့်ဆောင်ရွက်ရင်း အဓိပ္ပါယ်ရှိသော ဘဝအသက်တာအားဖြင့် ကမ္ဘာကြီးကိုပိုမိုအလှဆင်မြန်းသူအဖြစ် ရှင်သန်လျက်ခရီးဆက် ကြပါစို့။

ဖာသာရ် ဆေးဘက်စတီးယန်း

2019-12-18 03:55:14
အယ်ဒီတာ့အာဘော်
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.