Untitled Document
Untitled Document

အယ်ဒီတာ့အာဘော်


  

အယ်ဒီတာ့အာဘော်


    ကျွန်ုပ်တို့ရဲ့ခရစ်ယာန်အသက်တာမှာခရစ်ယာန်ကောင်း တစ်ဦးတစ်ယောက်အဖြစ် ခရစ်ယာန်ဂုဏ်သိက္ခာ နှင့်လျော်ညီစွာ ရှင်သန်သွားနိုင်ဖို့ကတော့ အမိန့်တော်ကိုနာခံလိုက်နာဖို့ပဲ လိုအပ်တာ ဖြစ်ပါတယ်။ အမိန့်တော်ကိုနာခံဖို့ဆိုတာက ပြောရလွယ်သလောက် လက်တွေ့မှာခက်ခဲနိုင်ပါတယ်။

    အမိန့်တော်အတိုင်းဖြစ်ပါစေလို့ ကောင်းကင်တမန်ဂါဘရီအဲလ်ကို ပြန်ထူးနိုင်တဲ့ မယ်တော်မာရီယားဟာ ဘဝစိန်ခေါ်မှုတွေကြားထဲမှာ သတ္တိရှိရှိနဲ့ ရင်ဆိုင်ဖြတ်သန်းသွားဖို့ အင်အားတွေ ရခဲ့ပါတယ်။ လွယ်ကူတဲ့ကိစ္စတစ်ရပ် မဟုတ်သလို သဘာဝလည်း မကျတဲ့အဖြစ်၊ အပျိုကညာကနေ ပဋိသန္ဓေစွဲယူရမယ်ဆိုတော့ လူ့ဦးနှောက်နဲ့တော့ မမှီနိုင်ဘူး။ ဒါပေမဲ့ မယ်တော်သခင်မက ဘုရားရှင်ကို အကြွင်းမဲ့အပ်နှံပြီး ကျေးဇူးတော်ရဲ့တန်ခိုးစွမ်းအားကို မျှော်ကိုးရင်း အမိန့်တော်အတိုင်းပါလို့ ရဲရဲတောက်ဆို ရဲခဲ့တယ်။

    တံငါသည် စီမွန်ပေတရုရဲ့ အံ့မခန်းစရာ ဖြစ်ရပ်လေးကလည်း ကျွန်ုပ်တို့အားလုံးအတွက် ဘဝသာဓက ဖြစ်ခဲ့ရပါတယ်။ တစ်ညလုံးငါးဖမ်းပြီး တစ်ကောင်မှမရလို့ စိတ်ပန်းလက်ပန်းနဲ့ပိုက်ကွန်တွေကို သိမ်းလက်စပြုနေချိန်မှာ လက်သမား ဂျိုးဇက်ရဲ့သား ခရစ်တော်က ရေနက်ရာကိုရွေ့ပြီး ငါးဖမ်းဖို့ပိုက်ကွန်ကို ချပါလို့ အမိန့်ပေးခဲ့တယ်။ တံငါသည်ဘဝနဲ့ အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဝါရင့်သမား ပေတရုခများ လက်သမားရဲ့သား၊ ငါးဖမ်း အတွေ့အကြုံမရှိတဲ့ ခရစ်တော်ရဲ့စကားကိုနာခံဖို့ လွယ်ကူတဲ့အရာတော့ မဟုတ်ပါဘူး။ သင်က ဘယ်လောက်များ နားလည်လို့လဲ။ တစ်ညလုံးဖမ်းလို့ ငါးတစ်ကောင်မှမရလို့ စိတ်ညစ်နေချိန်မှာ ဆရာကြီးလာမလုပ်နဲ့လို့ ပြောချင်စဖွယ်ကောင်းပါလိမ့်မယ်။

    ဒါပေမဲ့ ပေတရုမပြောခဲ့ဘူး။ ခရစ်တော်ကို “ကိုယ်တော် အမိန့်ရှိသည့်အတိုင်း ပိုက်ကွန်ကို အကျွန်ုပ်ချပါမည်” (ရှင်လုကာ ၅း၅)လို့ ပြန်ဖြေပြီး ပိုက်ကွန်ချတော့ မြောက်မြားစွာသော ငါးများ ဖမ်းမိခဲ့ရပါတယ်။ ပေတရုရဲ့ နှိမ့်ချတဲ့အမိန့်နာခံခြင်းကတော့ ငါးများစွာကို ဖမ်းမိတဲ့အကျိုးရလဒ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

    ကျွန်ုပ်တို့ခရစ်ယာန် အသက်တာမှာလဲ မယ်တော်မာရီယားလို၊ ပေတရုလို အမိန့်တော်အတိုင်းပါလို့ ဖြေကြားဖို့ နေ့စဉ်နဲ့အမျှ ကြိုးစားနေကြရတာ ဖြစ်ပါတယ်။ မိမိရဲ့အတ္တကမ္ဘာကနေထွက်ပြီး နှိမ့်ချတဲ့နှလုံးသား ပိုင်ရှင်တွေ ဖြစ်မှသာ အမိန့်တော်အတိုင်းပါလို့ ပြောဆိုနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့အလိုဆန္ဒကို ရှေ့တန်းတင်လိုတဲ့ စိတ်ဓာတ်တွေပွားများနေသ၍ ခရစ်တော်ရဲ့အလိုတော်၊ အမိန့်တော်ကတော့ နောက်ကျကျန်ရစ်နေမှာပဲ ဖြစ်ပါတယ်။

ဖာရ်သာဆေးဘတ်စတီးယန်း


2019-11-25 21:38:23
အယ်ဒီတာ့အာဘော်
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.