Untitled Document
Untitled Document

ကျွန်တော်တို့မှာ “ငါ ဘယ်သူဖြစ်တယ်”ဆိုတဲ့ မိုက်မဲတဲ့ အတွေးအခေါ်တွေ ရှိတယ်။ “ဘဝကို ဘယ်လို အသက်ရှင်နေထိုင်သင့်တယ်”ဆိုတဲ့ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ နေကြတယ်။

ကျွန်တော်တို့မှာ “ငါ ဘယ်သူဖြစ်တယ်”ဆိုတဲ့ မိုက်မဲတဲ့ အတွေးအခေါ်တွေ ရှိတယ်။ “ဘဝကို ဘယ်လို အသက်ရှင်နေထိုင်သင့်တယ်”ဆိုတဲ့ တင်းကျပ်တဲ့စည်းမျဉ်းတွေနဲ့ နေကြတယ်။

    ဒီလိုပြောတာဟာ ဝေဖန်အပြစ်တင်ဖို့ မဟုတ်ပါဘူး။ တကယ်တော့ အခုချိန်မှာ ကျွန်တော်တို့ အယောက်စီတိုင်းဟာ အတတ်နိုင်ဆုံး အကောင်းဆုံး ပြုမူနေကြတဲ့သူတွေ ဖြစ်တယ်။ ဒါပေမယ့် ပိုပြီး သိမြင်လာမယ်၊ ပိုပြီး နားလည်လာမယ်၊ သတိဝင်လာမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ပြုမူနေထိုင်မှုတွေဟာလည်း ထူးခြားပြောင်းလဲလာမှာ ဖြစ်တယ်။ ကျေးဇူးပြုပြီး သင် ဖြစ်နေတဲ့ အခြေအနေမှာပဲ အမြစ်တွယ် မနေပါနဲ့။ သင် ဒီစာကို ဖတ်နေတယ်ဆိုကတည်းကိုက သင်ဟာ သင့်ဘဝမှာ အကောင်းဘက်ကို အသစ်တဖန် ပြောင်းလဲဖို့ အဆင်သင့် ရှိနေတယ်လို့ နားလည်ယူဆရပါတယ်။ “ယောင်္ကျားဆိုရင် မျက်ရည်မကျရဘူး” ဒါမှမဟုတ် “မိန်းမတွေဟာ ငွေ အသုံးကြမ်းတယ်” ဆိုတဲ့ အစွဲတွေဟာ အဓိပ္ပာယ်မဲ့အတဲ့အယူအဆ၊ ဘောင်ခတ်ထားတဲ့ အတွေးအခေါ်တွေ ဖြစ်တယ်ဆိုတာ သိမြင်လိုက်ပါတော့။


ကျွန်တော်တို့ ကလေးဘဝတုန်းက မိမိက ဘယ်သူဘယ်ဝါ ဖြစ်တယ်။ ဘဝက ဘယ်လို ဖြစ်တယ်ဆိုတာကို
ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူလတ်ပိုင်းတွေရဲ့ တုံ့ပြန်မှုတွေကနေ ကျွန်တော်တို့ သင်ယူလေ့လာကြရတယ်။

    ဒါဟာ မိမိတို့ကိုယ်ကို ဘယ်လို ထင်မြင်ယူဆမလဲ၊ ကျွန်တော်တို့ရဲ့ဘဝဟာ ဘယ်လိုလဲဆိုတာကို လေ့လာသင်ယူတဲ့နည်းလမ်း ဖြစ်ပါတယ်။ အခုချိန်မှာ သင်ဟာ မပျော်ရွှင်တဲ့သူတွေ၊ ကြောက်ရွံ့ထိတ်လန့်နေတဲ့သူတွေ၊ လိပ်ပြာမလုံတဲ့သူတွေ၊ စိတ်ဆိုးမာဆိုးဖြစ်နေတဲ့သူတွေနဲ့ အတူနေထိုင်တယ်ဆိုရင် သင့်ရဲ့ကမ္ဘာနဲ့ သင်ကိုယ်တိုင်ရဲ့အကြောင်းနဲ့ပတ်သက်ပြီး အနုတ်လက္ခဏာဆောင်တဲ့၊ အပျက်သဘောဆောင်တဲ့အရာတွေကို သင်ယူသိမြင်ပါလိမ့်မယ်။
    “ကျွန်တော် ဘာမှ အသုံးမကျဘူး။”
    “ဒါဟာ ကျွန်တော့်ရဲ့အမှားပါ။”
    “ကျွန်တော် စိတ်ဆိုးရင် ကျွန်တော်ဟာ လူဆိုးတစ်ယောက်ပဲ။”
ဒီလိုတွေ ယုံကြည်စိတ်စွဲနေတာဟာ ကမောက်ကမဖြစ်တဲ့ဘဝကို ဦးတည်စေပါတယ်။

ကျွန်တော်တို့ ကြီးပြင်လာတဲ့အချိန်မှာ ကျွန်တော်တို့ကလေးဘဝတုန်းက ခံစားတွေ့ကြုံရတဲ့ ပတ်ဝန်းကျင်အနေအထားကို ပြန်လည် အသက်သွင်းချင်တဲ့ အာသီသတွေ ကျွန်တော်တို့မှာ ရှိတယ်။

    ဒါဟာ ကောင်းတာ မဟုတ်သလို၊ ဆိုးတာလည်း မဟုတ်ပါဘူး။ မှန်တာ မဟုတ်သလို၊ မှားတာလည်း မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့အတွင်း “အိမ်”မှာ ဖြစ်တဲ့အရာကို သိရှိထားရုံသက်သက်ပဲ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ မိခင်၊ ဖခင်နဲ့ဆက်ဆံရေး၊ ဒါမှမဟုတ် သူတို့နှစ်ဦးကြားမှာ ရှိတဲ့ဆက်ဆံရေး၊ စတဲ့ ဆက်ဆံမှုပုံစုံတွေကို ကျွန်တော်တို့ရဲ့ဘဝမှာ ပြန်ပြီး ဖန်တီးချင်တဲ့ အာသီသတွေ ကျွန်တော်တို့မှာ ရှိကြပါတယ်။ သင့်ရဲ့မိခင် ဒါမှမဟုတ် သင့်ရဲ့ဖခင်နဲ့ စရိုက်တူတဲ့ သဋ္ဌေးတစ်ဦး ဒါမှမဟုတ် ချစ်သူတစ်ဦးကို  သင် သဘောကျ သိကျွမ်းဖြစ်လေ့ရှိတယ် မဟုတ်ပါလား။
    ကျွန်တော်တို့ရဲ့ မိဘတွေဟာ ကျွန်တော်တို့ကို ဆက်ဆံသလို မိမိတို့ကိုယ်ကိုလည်း ဆက်ဆံပြုမူကြတယ်။ မိဘတွေကို ကျွန်တော်တို့ကို ဆဲဆိုကြိမ်းမောင်း၊ အပြစ်ပေးသလို မိမိတို့ကိုယ်ကို ဆဲဆိုကြိမ်းမောင်း၊ အပြစ်ပေးကြတယ်။ သင့်ကိုယ်သင် နားထောင်ကြည့်မယ်ဆိုရင် စကားလုံးတွေတောင် ပြန်ကြားယောင်နိုင်တယ်။ အဲဒီလိုပဲ ကလေးဘဝတုန်းက ချစ်ခင်ယုယမှုရခဲ့တယ်၊ အားပေးနှစ်သိမ့်ခြင်းတွေ ရခဲ့တယ်ဆိုရင် ကျွန်တော်တို့ဟာ မိမိကိုယ်မိမိ ချစ်ခင်မြတ်နိုးတယ်။အားပေးနှစ်သိမ့်တတ်တယ်။
    “သင် ဘယ်အရာကိုမှ ကောင်းကောင်း လုပ်တာ မရှိဘူး။”
    “ဒါတွေ အားလုံးဟာ သင့်ရဲ့အမှားတွေပဲ။”
ဒီလိုစကားတွေ သင်ကိုယ်သင် ဘယ်နှစ်ခါများ ကြားယောင်ဖူးပါသလဲ။

    “သင်ဟာ ဂုဏ်ယူစရာ သိပ်ကောင်းတယ်။”
    “သင့်ကို ငါ ချစ်တယ်။”
ဒီလိုစကားတွေ သင်ကိုယ်သင် ဘယ်နှစ်ခါများ ပြန်ပြောဖူးပါသလဲ။

ဒါပေမယ့် ဒီလိုအရာတွေအတွက် ကျွန်တော်တို့ရဲ့မိဘတွေကို အပြစ်တင်မှာတော့ မဟုတ်ပါဘူး။

    ကျွန်တော်တို့အားလုံးဟာ ရာဇဝတ်သားကောင်းတွေရဲ့ သားကောင်းတွေပဲ ဖြစ်တယ်။ မိဘတွေဟာ သူတို့ မသိတဲ့အရာတွေကို ကျွန်တော်တို့ကို သင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ သင့်ရဲ့မိခင်က သူကိုယ်သူ ဘယ်လို ချစ်ရမယ်ဆိုတာ မသိခဲ့ရင်၊ သင့်ရဲ့ဖခင်က သူကိုယ်သူ ဘယ်လို ချစ်ရမယ်ဆိုတာ မသိခဲ့ရင်၊ သင့်ကိုယ်သင် ဘယ်လိုချစ်ရမယ်ဆိုတာကို သူတို့က သင်ပေးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ငယ်ငယ်တုန်းက သူတို့ကို သင်ကြားပေးထားတဲ့အရာတွေကိုသာ သင့်ကို အကောင်းဆုံး ပြန်လည်သင်ပေးနေခြင်း ဖြစ်တယ်။ သင့်ရဲ့မိဘတွေကို ပိုပြီး နားလည်ပေးချင်တယ်ဆိုရင် သူတို့ရဲ့ ကလေးဘဝအကြောင်းကို ပြောပြခိုင်းလိုက်ပါ။ သူတို့ရဲ့ ပြောကြားချက်တွေကို ကိုယ်ချင်းစာတရားနဲ့ နားထောင်ပေးတယ်ဆိုရင်၊ သူတို့ရဲ့ ကြောက်ရွံ့ထိတ်လန့်မှု၊ ခက်ထန်တင်းကျပ်မှုတွေ ဘယ်ကနေ ပေါက်ဖွားလာတယ်ဆိုတာကို သင် သိမြင်လာပါလိမ့်မယ်။ သင့်ကို အဲဒီလို ကြောက်ရွံ့ထိတ်လန့်မှုတွေ၊ ခက်ထန်တင်းကျပ်မှုတွေ ဖြစ်အောင် လုပ်တဲ့သူတွေဟာ သူတို့ဘဝမှာလည်း အဲဒီလို ခံစားခဲ့ရလို့ပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့ရဲ့ မိဘတွေကို ကျွန်တော်တို့ ရွေးချယ်တယ်လို့ ကျွန်တော် ယုံကြည်တယ်။

    ဒီကမ္ဘာဂြိုလ်မှာ ရှိတဲ့ ကျွန်တော်တို့ အယောက်စီတိုင်းဟာ သတ်မှတ်ထားတဲ့ အချိန်နဲ့နေရာတစ်ခုမှာ လူတစ်ဦးဖြစ်လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးပြောင်းလဲမှု၊ တစ်ရွေ့ရွေ့ပြောင်းလဲမှု ဖြစ်စဉ်တွေမှာ  သင်ခန်းစာတွေ သင်ယူဖို့ ကျွန်တော်တို့ ဒီကမ္ဘာကို ရောက်ရှိနေကြတယ်။ ကျွန်တော်တို့ရဲ့ အသားအရောင်၊ လိင်ဖြစ်တည်မှု၊ နိုင်ငံသားဖြစ်မှုတွေကို  ရွေးချယ်ခဲ့ကြတယ်။ ဒီဘဝ သက်တမ်းမှာ အသုံးပြုဖို့ ကျွန်တော်တို့ ယူလာတဲ့ ရှင်သန်မှုပုံစံကို ထင်ဟပ်စေမယ့် မိဘတွေကို ရှာဖွေတွေ့ရှိကြတယ်။ အဲဒီနောက် ကျွန်တော်တို့ ကြီးပြင်လာတဲ့အခါမှာ “သင့်ကြောင့် ငါ ဒီလိုဖြစ်နေရတာ” ဆိုပြီး ကျွန်တော်တို့ရဲ့ မိဘတွေကို လက်ညိုးထိုး အပြစ်တင်လေ့ရှိကြတယ်။ တကယ်တော့  အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ သူတို့ဟာ ကျွန်တော်တို့အတွက် ပြည့်စုံဖူလုံမှုရှိတာကြောင့် ကျွန်တော်တို့ သူတို့ကို ရွေးချယ်ခဲ့တာပဲ ဖြစ်တယ်။

    ကျွန်တော်တို့ ကလေးဘဝတုန်းက ကျွန်တော်တို့ရဲ့ ယုံကြည်မှုဆိုင်ရာစနစ်တစ်ခုကို ကျွန်တော်တို့ သင်ယူခဲ့ကြတယ်။ အဲဒီယုံကြည်မှုနဲ့ကိုက်ညီတဲ့ အတွေ့အကြုံတွေကို ဖန်တီးရင်း ဘဝကို ရှေ့ဆက်ဖြတ်သန်းကြတယ်။ သင့်ရဲ့ဘဝကိုလည်း နောက်ပြန်လှည့်ကြည့်ပါ။ အဲဒီလို တွေ့ကြုံမှုမျိုးကို သင် ဖြတ်သန်းခဲ့ရလေ့ရှိတယ်ဆိုတာကို သတိပြုမိလာပါလိမ့်မယ်။ သင့် အဲဒီတွေ့ကြုံမှုမျိုးကို ထပ်ခါထပ်ခါ သင် ဖန်တီးနေတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီတွေ့ကြုံမှုတွေက သင်ကိုယ်သင် ယုံကြည်ထားတဲ့အရာကို ထင်ဟပ်ပေါ်လွင်စေလို့ပဲ ဖြစ်တယ်။ ကျွန်တော်တို့မှာ ရှိနေတဲ့ ပြဿနာက ဘယ်လောက်ကြာအောင် အရိုးစွဲနေနေပြီ ဖြစ်ပါစေ၊ ဘယ်လောက်ထိ ကြီးမားနေပြီ ဘဝကို ဘယ်လောက်ထိ ခြောက်လန့်သွေးပျက်စေနေပါစေ၊ ဒါတွေက အရေးမကြီးပါဘူး။

သင့်စွမ်းအားတွေရဲ့အရင်းအမြစ်ဟာ လက်ရှိပစ္စုပ္ပန်အချိန်မှာ အမြဲရှိနေတယ်။

    သင့်ရဲ့ဘဝတစ်လျှောက် ယခုချိန်ထိ သင် တွေ့ကြုံရတဲ့ အဖြစ်အပျက်တွေအားလုံးဟာ အတိတ်တစ်ချိန်က သင် ဆုပ်ကိုင်ထားတဲ့ ယုံကြည်မှု၊ စဉ်းစားတွေးခေါ်မှုတွေကနေ ဖြစ်တည်လာတာ ဖြစ်ပါတယ်။ မနေ့က၊ အရင်တစ်ပတ်က၊ အရင်လက၊ အရင်နှစ်က၊ လွန်ခဲ့တဲ့ နှစ် ၁၀၊ ၂၀၊ ၃၀၊ ၄၀၊ သင့်အသက် ဘယ်လောက်ရှိပြီးဆိုတဲ့အပေါ် မူတည်ပြီးတော့ နှစ်ပေါင်းများစွာက၊ စသဖြင့် အဲဒီချိန်က သင် အသုံးပြုခဲ့တဲ့ စကားလုံးတွေ၊ စဉ်းစားတွေးခေါ်မှုတွေကြောင့် ဖြစ်တည်လာတာ ဖြစ်တယ်။

    ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ ဒါတွေဟာ သင့်ရဲ့ အတိတ်ပဲ ဖြစ်တယ်။ အရာရာဟာ ပြီးဆုံးခဲ့ပြီ၊ ကုန်လွန်ခဲ့ပြီ။ ယခုလက်ရှိအချိန်မှာ အရေးကြီးတာက သင် အခု စဉ်းစားဖို့၊ ယုံကြည်ဖို့၊ ပြောဆိုဖို့ ဘာကို ရွေးချယ်သလဲဆိုတာပဲ ဖြစ်တယ်။ ဒီတွေးခေါ်မှုတွေ၊ စကားလုံးတွေက သင့်ရဲ့ အနာဂတ်ကို ဖန်တီးပေးမှာ ဖြစ်တယ်။ သင့်ရဲ့စွမ်းအား အစစ်အမှန်တွေက ယခုလက်ရှိအချိန်ပဲ ဖြစ်တယ်။ အဲဒီစွမ်းအား အစစ်အမှန်က မနက်ဖြန်၊ လာမယ့် တစ်ပတ်၊ လာမယ့် လ၊ လာမယ့် နှစ်တွေ၊ စသဖြင့် အဲဒီအချိန်တွေမှာ တွေ့ကြုံရမယ့်အရာတွေကို ဖန်တီးပုံသွင်းနေတာ ဖြစ်တယ်။
    ယခုအချိန်မှာ သင် ဘာတွေ စဉ်းစားနေသလဲဆိုတာ သတိမူကြည့်ပါ။ အပြုသဘောဆောင်ပါသလား။ အပျက်သဘောဆောင်ပါသလား။ အဲဒီ စဉ်းစားတွေးခေါ်မှုတွေက သင့်ရဲ့ အနာဂတ်ကို ပုံဖော်ပေးဖို့ သင် အမှန်တကယ် လိုချင်ပါသလား။ ဂရုစိုက်ပြီး သတိနဲ့နေပါ။ (ဆက်လက်ဖော်ပြပါမည်။)


မှတ်ချက်။    ။ “You can heal your life by Louise Hay” မှ ကောက်နှုတ် ပြန်ဆိုသည်။

တောင်ကတုံး(နှင်းပွင့်)




2020-01-24 20:57:47
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.