Untitled Document
Untitled Document

နောင်တတရားနှင့်ဘဝသစ်

နောင်တတရားနှင့်ဘဝသစ်


    နေ့ရက်အချိန်ကာလတွေဟာ  ရှည်ကြာသလိုလိုနဲ့  ခဏလေးအတွင်းမှာပဲ  ကုန်ဆုံးသွား ပြန်ရော။ အသက်ရှင်နေသရွေ့ အချိန်ဆိုတာ ရှိနေမှာဖြစ်ပေမယ့် ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ အချိန်တွေကိုတော့ ပြန်မရနိုင် တော့တာ အမှန်ပါ။ ယခုဆိုရင် ၂၀၁၉ ကုန်လို့ ၂၀၂၀ကို ရောက်လာခဲ့ပါပြီ။ ၂၀၂၀ ကို စိတ်သစ်ကိုယ်သစ်နဲ့ ကြိုဆိုကြပြီးနောက်မှာ၊ ဒီတစ်နှစ်တာကို အကောင်းမွန်ဆုံးကျော်ဖြတ်နိုင်ဖို့ လိုအပ်တာက အတွေးသစ်၊ အမြင်သစ်နှင့်ဘဝသစ် ...။

    “ သား... မှားခဲ့ပါတယ်... ဖေဖေရယ် ...။ သား ...မှားခဲ့ပါတယ်...မေမေရယ်...။” သားတစ်ယောက်ရဲ့နောင်တစကားဘယ်မိဘက ကိုယ့်သားရဲ့နောင်တကို မေ့ထားမှာလဲ။လောကကြီးက ခန့်မှန်းလို့မရအောင် ဖြစ်နေပျက်နေပေမယ့်၊မိဘတွေရဲ့ အကြင်နာမေတ်္တာတွေဟာ သားသမီးတွေအတွက်ဆို အမြဲအသင့် အကြင်နာတံခါး၊ ခွင့်လွှတ်ခြင်း တံခါးတွေဖွင့်ပြီးသား...။ အားလုံးအားလုံးသော လူတွေက အမှန်တရားနဲ့ ဖြောင့်မတ်မှုကို နှစ်ခြိုက်ကြပေမယ့်၊အမြဲလိုလို အမှားတွေပြုမိနေကြတာပါပဲ။ လောကမှာ အမှားကိုသိရင် အမှန်ပြင်ဖို့က မခက်တော့ပါဘူး။ အတိတ်ဟောင်းနှစ်ဟောင်းက မိဘတွေအပေါ်ပြုမိခဲ့တဲ့ အမှားတွေအတွက် သူငယ်ချင်း ဖေဖေ့ကို...မေမေ့ကို တောင်းပန်လိုက်စမ်းပါ။ ဖေဖေရယ်.. သားနောက်ဆို ဆင်ခြင်ပါ့မယ်။ မေမေရယ် သားနောက်ဆိုလိမ်္မာပါ့မယ် စတဲ့စတဲ့ ကတိ စကားတွေတော့ ပေးခဲ့ပါကွာ...။

    “လောကကြီးရေ ... ခွင့်လွှတ်ပေးပါကွာ။ အချိန်ဆိုတဲ့မဟာစွမ်းအားရှင်ကြီးရေ ... ဒီနှစ်သစ်မှာ တော့...ငါ့ကိုကူညီလှည့်ပါအုံး။လောကကံတရားကြီးရေ...ဒီနှစ်တော့... မင်းသဘောအတိုင်း နေပါတော့ မယ်။ မင်းရဲ့မျက်နှာသာပေးမှုကို လိုချင်လို့ပေါ့ကွာ ...။

    လောကကြီးက စမ်းပြားတယ်။ အချိန်တွေက တိုတောင်းတယ်။ ကံတရားကြီးကလည်း ကောင်းတစ်လှည့်၊ ဆိုးတစ်လှည့်၊ ဒီအရာတွေကြားမှာ မအူမလည်ယောင်လည်လည်နဲ့ လောကလမ်းမှားတွေမှာ လျှောက်လှမ်းမိတာ အမှားလား။ အလင်းမရှိလို့ အမှောင်မှာ နေတာဟာ မိုက်မဲမှုတစ်ခုမဟုတ်ပါဘူး။ အမှန်မသိလို့ အမှားလုပ်မိတာကိုလည်း အပြစ်မဆို သာဘူး။ သို့ပေမယ့်လည်း အမှောင်ကမ္ဘာမှာ အလင်းရောက်လာချိန်မှာတော့ အမှောင်ကို ခွင်းပြီးအလင်းကို မြင်တတ်ဖို့ လိုပါတယ်။ အလင်းကိုရှောင်ပြီး အမှောင်မှာ ဆက်အောင်း နေရင်တော့ မိုက်မဲမှုပေါ့။ အမှန်သိလျက်အမှားပြုနေရင်တော့၊ ရှေ့မှာကြိုလင့်နေတာ အမှား အကျိုး ဒုက္ခမိုးပေါ့။

    လောကကြီးက နေ့စဉ်ရက်ဆက်ဆန်းပြားလွန်းလှတဲ့ အခွင့်အရေးတွေပေးနေပါတယ်။ ဒီနေ့ရတဲ့ အခွင့်အရေးက မနေ့ကရတဲ့အခွင့်အရေးထက်ဆန်းပြားတယ်။ လောကကြီးအတွက် ကိုယ့်အတွက် အကျိုးရှိစေမယ့် အရာတွေပဲဖြစ်တယ်။ ဒီအရာတွေရတုန်းရခိုက် အရမယူ လိုက်နိုင်ရင်တော့ အချိန်ဆိုတဲ့ ကွင်းဆက်ကြီး က ဖြတ်ကျော်နင်းချေဖျက်စီးပစ်မှာ။ အခွင့်အရေး တွေကို အသုံးချမှ ကောင်းတဲ့အရာတွေကိုပေးဖို့ စဉ်းစား စီစဉ်ထားတဲ့ ကံတရားကလည်း၊ အခွင့်အရေးတွေကို လက်လွတ်လိုက်တဲ့ ကျွန်ုပ်တို့ကို ကောင်းတဲ့အရာတွေကို မပေးတော့ဘဲ အဆိုးတွေကိုသာ ပုံအောချပေးတော့မှာ။ အခွင့်အရေးတစ်ခုကို လက်လွက်လိုက်ရခြင်းရဲ့ အကျိုးရလဒ်တွေပါတကား။

    လူ့စိတ်လူ့ဉာဏ်ကို လွှမ်းမိုးထားတဲ့အမှောင်ထုကြီးကမသိခြင်း၊ အဲ့ဒီအမှောင်ထုကို ဖြိုခွင်းလိုက်တဲ့အရာက အလင်းလို့ခေါ်တဲ့ အသိတရား။ မသိတရားတွေကြောင့် ချန်ထားခဲ့တဲ့ အခွင့်အရေးတွေ၊မမြင်တတ်လို့ ကျန်ရစ်ခဲ့တဲ့ အောင်မြင်မှုတွေ၊ မယူတတ်လို့ လက်လွက်ခဲ့ရတဲ့ ဆုကျေးဇူးတော်တွေဟာ မသိခြင်း၊ မမြင်ခြင်းတို့ရဲ့ နောက်ဆက်တွဲတွေ။
   
    ဒီနေ့လိုခေတ်ကြီးထဲမှာ ဘယ်အရာမဆို “မသိသူကျော်သွား၊သိသူဖော်စား” တွေချည်းပါပဲ။ မရှိတာထက်မသိတာက ပိုခက်တဲ့ခေတ်ကာလကြီး ဖြစ်နေပြီ။အဲဒီလို... အဲဒီလို ဖြစ်ပျက်နေတဲ့ ခေတ်ကြီး ထဲမှာ မသိလို့၊မတတ်လို့ ဆိုပြီး ငုတ်တုတ်ထိုင်နေလို့ မဖြစ်တော့ဘူး။ သိပြီး၊တတ်ပြီးနေပြန်ရင်လည်း သူရဲဘောကြောင် သတ္တိကြောင်နေလို့မရဘူး။ မသိတာကို သိချင်စိတ်နဲ့သိအောင်လုပ်လို့ရတယ်။ မတတ်တာကို သင်ယူခြင်းနဲ့တတ်မြောက်နိုင်တယ်။ စွန့်စားခြင်းက သတ်္တိရှိစေတဲ့အပြင် ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ ရှိလာစေတယ်။ ကိုယ့်ဘဝအောင်မြင်ဖို့၊ တိုးတက်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေချိန်မှာ ဝေဖန်ပုတ်ခတ် ရှုတ်ချကဲ့ရဲ့ ကြတဲ့ သူတွေဆိုတာ ရှိနေမှာပါပဲ။ သူတို့တွေ ယုံယုံ၊မယုံယုံ ကိုယ်ကတော့ အပြည့်အ၀ ယုံကြည်နေရမှာပါ။ လူတွေပြောပြောနေကြတဲ့ အောင်မြင်မှုရဲ့အဓိကသော့ချက် ကြိုးစားမှုရဲ့နောက်ကွယ်မှာ (Self-Confidence)ဆိုတဲ့ မိမိုကိုယ်ကိုယုံကြည်မှုရှိမှသာလျှင် ဘဝရဲ့ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေဆီ အမြန်ရောက်ရှိနိုင်မှာပါ။

    လောကမှာ နောင်တရတတ်မှ ဘဝတက်မှာ၊ ကျွန်ုပ်တို့ကိုယ်စီကိုယ်စီကနေ ခရစ်တော်အလိုချင်ဆုံး အရာကလည်း နောင်တပါပဲ။ နောင်တဆိုတာအမှားကိုမြင်တတ်ခြင်း ဖြစ်တယ်။ ဒါ့ကြောင့် နောင်တရတဲ့သူဟာ သူ့ရဲ့အမှားကို သူကိုယ်တိုင်လက်ခံတယ်။ လူတွေရဲ့ သဘာဝကအမှားတွေ ပြုတတ်ပေမယ့်၊လူတွေရဲ့ ပင်ကိုယ် စိတ်နေစိတ်ထားကတော့ အကောင်းတွေကို ပြုချင်တာအမှန်ပါ။ အမှားမြင်တတ်ခြင်းရဲ့ အကျိုးက အမှန်ပြင် ခြင်းပေါ့။

    အမှားမြင်၊အမှန်ပြင်ပါ။ အသိတရားကိုရှာဖွေပါ။ (Self-Confidence) ရှိပါ။ နောင်တရတတ်ခြင်းက ဘဝကို တိုးတက်ပြောင်းလဲစေနိုင်တယ်ဆိုတာကို သတိပြုပါ။

    နှစ်သစ်မှာ အားလုံးတိုးတက်အောင်မြင်ကြီးပွား ကြပါစေ။

                         နေရောင် (JMP)


2020-01-24 20:50:53
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.