Untitled Document
Untitled Document

သောမတ်စ်အာကွီးနက်စ် (၁၂၂၅-၇၄)

သောမတ်စ်အာကွီးနက်စ် (၁၂၂၅-၇၄)

ဇန်နဝါရီလ ၂၈
-    ယုံကြည်ခြင်းနှင့် ဆင်ခြင်တုံတရား

        အီတလီနိုင်ငံ၊ မွန်တယ်ကာဆီနို (Monte Cassino) ရှိ ဘက်နဒစ်တင် ရသေ့ များသည် ထက်မြက်သော သောမတ်စ်ကို ၅ နှစ်သား အရွယ်မှ စ၍ ပြုစုပျိုးထောင်ခဲ့သည်။  မြင့်မြတ်သော သူတော်စင်ဘဝအတွက် ပြင်ဆင်မှုများပြလုပ်နိုင်ရန် လိုအပ်သော အခွင့် အလမ်းမှန်သမျှကို သူ၏မိဘများက သူ့အား ပေးချင်နေကြသည်။ သောမတ်စ်သည် အသက် ၁၃နှစ် အရွယ်ထိ ရသေ့များနှင့်အတူ ပျော်ရွှင်စွာ နေထိုင်ခဲ့သည်။

        နယ်ပယ်တက္ကသိုလ်၌(Naples University) ပညာဆည်းပူးပြီးနောက် သော မတ်စ်သည် သူ၏ မိဘများထံသို့ ဒေါမိနစ်ကန် ရဟန်းတစ်ပါး ဖြစ်လိုကြောင်း အသိပေး သတင်းပါးခဲ့သည်။ ဤသတင်းသည် မိဘနှစ်ပါးအတွက် မယုံနိုင်ရလောက်အောင် စိတ် ခြောက်ခြားစရာ ဖြစ်ခဲ့ရသည်။ ဒေါမိနစ်ကန် ရဟန်းများသည် ခေတ်သစ်သူတော်စင် သူတောင်းစားများ၊ အလှူခံရသမျှနှင့်သာ နေထိုင်စားသောက်ကြရသော ရဟန်းများဟု လူအများက မှတ်ယူခြင်းကို ခံကြရသည့် သူများဖြစ်သည်။ သူ၏မိဘများသည် သူ့အား ပို၍ လေးစားကြည်ညိုဖွယ်ကောင်းသော ဘက်နဒစ်တင်ရသေ့တစ်ပါးဖြစ် စေချင်သည်။ မွန်တယ်ကာဆီနိုဒေသတွင် သူတို့အား ဂုဏ်သရေရှိသူအဖြစ် တွန်းပို့ပေး ရန် မိဘများက အလိုရှိနေကြသည်။ ထို့ကြောင့် သောမတ်စ်ကို ပြန်ပေးဆွဲပြီး ရဲတိုက်ကြီးတစ်ခုမှာ တစ်နှစ်ခန့် ပိတ်လှောင်ထားကြသည်။ သောမတ်စ်သည် ဤအချိန်၌ ပီတာလမ်ဘတ်(Peter Lambard)၏ စာပေအရေးအသားများကို လေ့လာဆည်းပူးခဲ့သည်။ သမ္မာကျမ်းစာရှိ ကျမ်းပိုဒ် တော်တော်များများကိုလည်း အလွတ်ကျက်မှတ်ခဲ့သည်။ အရစ္စတိုတယ်(Aristotle) ၏ စာပေများကိုလေ့လာ၍ အမှားအယွင်းများကို ရှာဖွေ သုံးသပ်ခဲ့သည်။ ဒေါမိနစ်ကန် အသင်းဂိုဏ်းသို့ ဝင်ရောက်ရန် သူ၏ဆန္ဒကို လုံးဝပြောင်းလဲခြင်း မရှိသောအခါ သူ၏ မိဘများက သူ့ကို ထိုအသင်းဂိုဏ်းကို ဝင်ရန် ခွင့်ပြုခဲ့သည်။
   
        သောမတ်စ်သည် ကိုလုံ(Cologne)၌ ပညာဆည်းပူးနေစဉ် တည်ငြိမ်၍ တစ်ဦး တည်း သီးသန့်နေတတ်သော ကျောင်းသားတစ်ဦးဖြစ်သည်။ စကားပြောခြင်းထက် နားထောင်ခြင်းကို ပို၍ နှစ်သက်သူ ဖြစ်သည်။ ဖြိုးဖြိုးဖြိုင်ဖြိုင် ကိုယ်ခန္ဓာကို  ပိုင်ဆိုင် ထားသော သောမတ်စ်အား သူ၏ ပြိုင်ဘက်အတန်းဖော်များက “ဆွံ့အသော နွားသိုးကြီး”ဟု နောက်ပြောင်ကြသည်။ သောမတ်စ်၏ ဉာဏ်ပညာထက်မြက်မှုကို သတိထားမိသော ဆရာတစ်ဦးက “မင်းတို့ အထင်သေးနေတဲ့ ဒီဆွံ့တဲ့ နွားသိုးကြီးကို ကမ္ဘာတစ်ဝှမ်းက လေးစားဂုဏ်ပြုလာတဲ့ တစ်နေ့ရောက်လာလိမ့်မယ်”ဟု မှတ်ချပေးခဲ့သည်။

        နောက်ဆုံးမှာတော့ သောမတ်စ်သည် ပဲရစ်တက္ကသိုလ်(University of Paris) ၌ ပါရဂူဘွဲ့ကို ရရှိခဲ့၍ ထိုနေရာ၌ပင် စာချပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ ထိုနေရာ၌ စာရေးခြင်းကို တစိုက်မတ်မတ် စတင်လုပ်ဆောင်ခဲ့သည်။ သမ္မာကျမ်းစာ ရှင်းလင်းချက်များနှင့် ဒဿနိကပညာနှင့်ပတ်သက်သော စာပေများကို ရေးသား ထုတ်ေ၀ခဲ့သည်။ ဘုရားမဲ့ဖြစ်သော အရစ္စတိုတယ်(Aristotle)၏ ရေးသားချက်များကို စိတ် ဝင် စားလေ့လာမှုကြောင့် အသင်းတော်၏ ခေါင်းဆောင်များကြား၌ သတိထားစရာ ဖြစ်လာသည်။ ဓမ္မသင်္ဂြုံလ်ဘာသာရပ်များနှင့်ဆိုင်သော ဆွေးနွေးမှုများသည် နောက်ဆုံး အဆုံးသတ် နိဂုံးထိ မရောက်သေးပါက  သဘောတူညီမှုမရသေးသော အတွေးအခေါ်များနှင့် ထပ်တူအချိုးကျပါသည်ဟူသော သူ၏ ယူဆချက်ကြောင့် အငြင်းပွားဖွယ် ဖြစ်ခဲ့ရသည်။ ဤကဲ့သို့ သူ၏ ထင်မြင်ယူဆချက်သည် အသင်းတော်၏ အာဏာပိုင်များကို စိန်ခေါ်နေ သကဲ့သို့ ဖြစ်ခဲ့သည်။

    သူ၏ ဂန္ဓဝင်စာပေဖြစ်သည့် ဆူမာသီသြလိုဂျီ (Summa Theologiae)ကို ၁၂၆၆ ခုနှစ်တွင် စတင်ရေးသားခဲ့သည်။ ဤစာပေသည် အသင်းတော်၏ ယုံကြည်ရာအချက်များကို စနစ်တကျ ရေးသားသော ပထမဆုံး စာပေဖြစ်ခဲ့သည်။ သူသည် ခရစ်ယာန်အတွေးအခေါ်သည် ကျိုးကြောင်းဆီလျော်သော အတွေးအခေါ်ဖြစ်ကြောင်းနှင့် ဘုရားသခင်၏ သမ္မာတရားသည် လူသားများ၏ ဆင်ခြင်တုံတရားကို ပိတ်ပင်မထားကြောင်း ထုတ်ဖော်ပြသချင်သည်။ ဤကဲ့သို့ ကျယ်ပြန့်လှသော လုပ်ငန်းတစ်ခု စတင်လုပ်ဆောင်ရာတွင် သူ့အား ဝေဖန်တိုက်ခိုက်မှုများ၊ စိန်ခေါ်မှုများ ရှိလာခဲ့သည်။ သူ၏ ထင်မြင်ယူဆချက်များကို ငြင်းခုန်မှု သည် တဖြည်းဖြည်း ကြီးထွားပြန့်ပွားလာသောကြောင့် နယ်ပယ်(Naples)ရှိ ဒေါမီနစ် ကန်အသင်းဂိုဏ်းက သူ့အား ခိုလှုံခွင့်ပေးခဲ့သည်။ သူ၏ ဆူမာသီသြလိုဂျီ(Summa Theologiae)ကို အပြီးသတ်စေချင်ကြသော်လည်း အပြီး မသတ်ခဲ့ချေ။ သောမတ်စ်သည်  ၁၂၇၃ခုနှစ်၊ ဒီဇင်ဘာလတွင် သူ၏ ဖောင်တိန်ကို သူ၏ လက်မှ လုံး၀ ချပစ်လိုက်တော့သည်။ ကြီးမြတ်သော ဝိညာဉ်ရေးဆိုင်ရာ ရူပါရုံကို မြင်တွေ့ခံစားပြီးသည့်နောက် “ကျွန်တော် ဆက်ပြီး မရေးနိုင်တော့ဘူး။ ကျွန်တော် ရေးသားထားတဲ့ အရာတွေအားလုံးဟာ ဘုရားက ကျွန်တော့်ကို ထုတ်ဖော်ပြသတဲ့အရာတွေ၊ ကျွန်တော် မြင်တွေ့ခဲ့ရတဲ့အရာတွေနဲ့ နှိုင်းစာ မယ်ဆိုရင် ကောက်ရိုးမျှင်မျှသာ ဖြစ်တယ်”ဟု ပြောဆိုဝန်ခံခဲ့သည်။

    ထိုသို့ ပြောဆိုပြီး နောက်တစ်နှစ်၊ သူ၏ သက်တော် ၄၀ ပြည့်နှစ်တွင် အနိစ္စရောက်ခဲ့သည်။

မှတ်ချက်။    ။ “Butler’s of Lives of Saints” စာအုပ်မှ ပြန်ဆိုသည်။

ဖာသာရ်ပေါလ်လျန်း







2020-01-24 20:44:09
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.