Untitled Document
Untitled Document

နှစ်သစ်၊ စိတ်သစ်၊ ကိုယ်သစ်

နှစ်သစ်၊ စိတ်သစ်၊ ကိုယ်သစ်

 

နှစ်သစ်အချိန်အခါသမယမို့ ကျွနု်ပ်တို့တစ်ဦးနှင့်တစ်ဦး ပျော်ရွှင်ဖွယ်နှစ်သစ်ဟု နှုတ်ဆက်ကြသည်။ ဝမ်းမြောက်ပျော်ရွှင် ကြသည်။ ဘုရားရှင်ပေးအပ်သောနှစ်သစ် မင်္ဂလာအတွက် ကျေးဇူးတော်ကို ဂုဏ်ပြုချီးမွမ်းကြသည်။ လူသားတိုင်း၏ နှလုံး သား၌လည်း ကြည်နူးဖွယ်ခံစားချက်များ နှင့် ပြည့်ဝလျက်ရှိသည်။

နှစ်သစ်မင်္ဂလာအခါသမယသည် နှစ်ဟောင်းကဲ့သို့ မဟုတ်တော့ဘဲ အရာရာပြောင်းလဲသွားစေသော အချိန်ကာလဖြစ်သလော။ နှစ်ဟောင်းကဲ့သို့ နေ့၊ညဖြစ်စဉ်များ ရွေ့လျားမှုများ၊ ဥတုရာသီများ ပြောင်းလဲသစ်လွင် သွားပါသလားဟုစဉ်းစား ထောက်ရှုလျှင် နဂိုမူလကဲ့သို့ပင် ဖြစ်နေသည်ကို သတိပြုမိမည်သာ ဖြစ်ပါသည်။ မိမိ၏ ပတ်ဝန်းကျင်ကို စူးစမ်းလျှင်လည်း ဖြစ်မြဲဖြစ်စဉ်၊ လုပ်မြဲလုပ်စဉ်များကိုသာ ရှုမြင်ရမည်ပင် ဖြစ်ပါသည်။ သို့သော်နှစ်သစ်အချိန်၌ ပြောင်းလဲသစ်လွင်စေနိုင်သောအရာမှာ မိမိကိုယ်ကိုပင် ဖြစ်ပါသည်။ နှစ်သစ်ကာလကို ဖြတ်လျှောက်လာချိန်တွင် နှစ်ဟောင်းကာလမှ ပြုပြင်ပြောင်းလဲအပ်သောအရာများကို ပြုပြင်ရင်း စိတ်သစ်၊ကိုယ်သစ် အသက်တာဖြင့် ရှင်သန်ရန်ကြိုးစားလာလျှင် နှစ်သစ်သည် မိမိအဖို့အဓိပ္ပါယ်ရှိသော နှစ်သစ်ပင် ဖြစ်လာပါလိမ့်မည်။ တစ်နည်းဆိုရသော် မိမိ၏ အသက်တာ ပြောင်းလဲသစ်လွင်စေခြင်းပင် ဖြစ်ပါသည်။

နှစ်ဟောင်းကာလအတွင်း ဘုရားနှင့် ဝေး၊ တရားနှင့်ဝေးခဲ့မိလျှင် ဘုရားတရား၌ ကြိုးစားသူ၊ အတ္တမာနထောင်လွှားခဲ့လျှင် နှိမ့်ချတရားလက်စွဲထားသူ၊ အမုန်းတရား ပွားများခဲ့လျှင် ချစ်ခြင်းလွှမ်းမိုးမေတ္တာဆောင်သူ၊ ခွင့်လွှတ်ပေးရန် ခဲယဉ်းခဲ့လျှင် သည်းခံနားလည်စိတ်ရှည်သူအဖြစ် နှစ်သစ်အချိန်၌ ရှင်သန်သွားပါက နှစ်သစ်သည် မိမိအဖို့အဓိပ္ပါယ်ရှိသောနှစ်သစ် ဖြစ်လာပါလိမ့်မည်။ အဓိပ္ပါယ်ရှိသောနှစ်သစ်ကို ပိုင်ဆိုင်လိုလျှင် ခရစ်တော်ဘုရားရှင်၌ ရှင်သန်ရန် လိုအပ်ပါသည်။ “ခရစ်တော်၌ရှိသောသူသည် ဖန်ဆင်းခြင်းအသစ် ဖြစ်လေ၏” (ကော်ရိန့်- ဒုတိယစောင် ၅း၁၇)။ နှစ်သစ်တွင် နှစ်ဟောင်းမှ မပြည့်စုံအားနည်းခြင်းများကို စွန့်လွှတ်ကာ ပြုပြင်ရန် အရေးကြီးပါသည်။ ဘဝဟောင်းသည် ပျောက်ကွယ်သွားသဖြင့် ဘဝသစ်ရောက်ရှိလာပြီ ဖြစ်သောကြောင့် စိတ်သစ်ကိုယ်သစ်ဖြင့် လျှောက်လှမ်းသွားကြပါစို့။

မီး (ကလေး)

 


2019-12-18 19:41:29
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.