Untitled Document
Untitled Document

ဟန်ဆောင်ခြင်း

ဟန်ဆောင်ခြင်း

ကျွနု်ပ်တို့နေထိုင်ကျက်စားရာ ဤ လောကကမ္ဘာမြေတွင်အာဃာတ၊ အတ္တ၊အမုန်း၊ ရန်ငြိုးနှင့်မတရားမှုများသည် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းခြင်းအစား နေရာယူလျက် ရှိနေပေသည်။ ဘုရားရှင် ၏ လက်ရာတော်ဖြစ်သော လှပသောကမ္ဘာမြေကြီးကို ဘုရားရှင်၏လက်ရာတော်ဖြစ်သော လူသားများကပင် ဖျက်ဆီးနေကြသည်။ “မိတ်ဆွေ ဟန်ဆောင်သူသည် ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်သည်” ဆိုသကဲ့သို့ ဟန်ဆောင်ခြင်းသည် ကမ္ဘာကြီးမငြိမ်မသက်ဖြစ်ရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်ပေသည်။
ဟန်ဆောင်ခြင်းကို ဘုရားမကြိုက်၊လူမကြိုက်ဟု ကျွနု်ပ်တို့သိကြသော်လည်း ယခုချိန် ကမ္ဘာတစ်ဝှမ်းလုံး၌  မိတ်ဆွေအချင်းချင်းကြား၊ မိသားစုကြား၊ အဖွဲ့အစည်းကြားတွင် တစ်နည်းနည်းဖြင့် ဟန်ဆောင်နေကြသည်မှာ ရင်နင့်စရာကောင်းလှပေသည်။ ကျောင်းသားတွေလည်း စာကြည့်သလိုလိုနဲ့ ဆရာလာရင်အသင့်ဖြစ်ဖို့ စာအုပ်ကိုရှေ့မှာဖွင့်ထားပြီး သူတို့ကြိုက်တာလုပ်နေကြတာဟာ အနာဂတ်ကမ္ဘာကြီးအတွက် ဘယ်လောက်ကြောက်စရာ ကောင်းသလဲခင်ဗျား။ လက်ထပ်တာတောင် ဟန်ဆောင်ပြီးယူနေကြတာတွေ ရှိလာပြီ။ ဘယ်လိုလုပ်မလဲ။

ကျောင်းသားတွေကို စာသင်ပေးမယ့်ဆရာက ဘာမှမသိဘဲနဲ့ ဟန်ဆောင်ပြီး ဆရာလုပ်၊ စာသင်ရင်တော့ သွားပြီလေ။ ဆရာဝန်တွေ ဆေးပညာနဲ့ဆိုင်တာ ကောင်းကောင်းမသိဘဲ သိသလိုလိုနဲ့ လူနာတွေကို ဟန်ဆောင်ပြီးကုသပေးရင် လူ့ရဲ့အသက်က နှစ်ချောင်းမရှိဘူး။ ခုခေတ်မှာနည်းနည်းပါးပါး ဟန်ဆောင်တတ်မှလူတွေကအထင်ကြီးကြတယ်။ ဒါပေမဲ့အဖြစ်မှန်ကိုသိမှနောင်တရကြတယ်။ ဟန်ဆောင်မှုတွေကြောင့် ကိုယ့်ရဲ့အရည်အချင်းစစ်၊ စိတ်ဓာတ်အမှန်ကို မသိနိုင်တော့ဘူး။ စာကို ဟန်ဆောင်ပန်ဆောင်ကြည့်တဲ့ ကျောင်းသား၊ ကျောင်းတက် ဟန်ဆောင်တဲ့ကလေး၊ သူတို့တွေကြီး လာရင်ဘယ်လို ဖြစ်လာမှာလဲ။ ဟန်ဆောင်တာလည်း လိမ်ညာခြင်း တစ်မျိုးပဲမဟုတ်လား။

ဟန်ဆောင်ခြင်းက လောကီရေးရာ တွင်သာမက ဘာသာရေးဘက်၌လည်း ရောက်ရှိနေသည်။ သမ်္မာကျမ်းစာထဲတွင် သခင်ခရစ်တော်က သူတော်ကောင်းယောင်ဆောင်ခြင်း (သို့) ဟန်ဆောင်ခြင်းကို စက်ဆုပ်တော်မူကြောင်းကို “သူတော်ကောင်း ယောင်ဆောင်သော ကျမ်းတတ်ဆရာနှင့်ဖာရီဇေဦးတို့ သင်တို့သည် အမင်္ဂလာရှိကြ၏” ဆိုတဲ့ ရှင်မာတေးဦး ၂၃း၁၃-၃၆ မှာ (၈) ကြိမ်တိုင်တိုင် သတိပေးခဲ့တယ်။ သခင်ခရစ်တော်က သင်တို့ပြောဆိုသောအရာကို ဟုတ်လျှင် ဟုတ်သည်။ မဟုတ်လျှင် မဟုတ်ပါဟု ပြောလော့။ ရှင်မာတေးဦး ၅း၃၇ ကို မိန့်မှာခဲ့တာဟာ ဟိုယောင်ယောင် ဒီ ယောင်ယောင်ဟန်ဆောင်မနေဖို့ မီးမောင်းထိုးပြနေတာ ဖြစ်တယ်။ ကိုယ်မသိတဲ့ပညာရပ်တစ်ခုကို သိဟန်ဆောင်နေရင် ဘယ်တော့မှ တတ်သိနားလည်လာမှာ မဟုတ်ဘူး။ အမှန်တရားကို ထုတ်ဖော်မပြနိုင်တဲ့ လက်သည်တရားခံဟာ ဟန်ဆောင်ခြင်းပဲ။

သိလျက်နှင့်မသိယောင်ဆောင်ခြင်းသည် လူမဆန်သောလုပ်ရပ် ဖြစ်သည်။  အမှန်တရားသိလျက်နှင့် မသိယောင်ဆောင်ခြင်းသည် အပြစ်ဖြစ်သည်။ အကူအညီလိုအပ်နေသူကို သိလျက်နှင့်မသိယောင်ဆောင်ခြင်းသည် လျစ်လျူရှုတတ် သည့်အပြစ် ဖြစ်သည်။ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ ဟန်ဆောင်ခြင်း ကိုဘေးချိတ်ကာ အရှိကိုအရှိအတိုင်း နေထိုင်တတ်ခြင်းသည် လွန်စွာအရေးကြီး လှသည်။ ဟန်ဆောင်ခြင်းနှင့်ပေါင်းသင်း နေထိုင်သည့် မိတ်ဆွေသူငယ်ချင်းများ၊ လင်မယားများ မည်ကဲ့သို့ရှေ့ဆက်ကြမည်နည်း။ ဆင်းရဲသားက သူဌေးလိုနေထိုင်၍ မဖြစ်ပေ။

ထို့ကြောင့် ကျွနု်ပ်တို့ဆုတောင်းမည်ဆိုလျှင် စိတ်ပါဝင်စားစွာ တောင်း၍၊ အလုပ်လုပ်လျှင် စိတ်ပါလက်ပါလုပ်၊ အစာစားရာတွင်လည်း အားရပါးရစား တတ်လျှင်...၊ သူများမြင်အောင်ပဲ ဆုတောင်းနေတာ၊ ဟန်ဆောင်ပြီး အလုပ်လုပ်နေတာ။ မစားချင်စားချင်နဲ့စားနေတာတွေ ခုချိန်မှစပြီးရပ်တန့်ကာ အရာရာကို အယောင်အဆောင်ကင်းမဲ့စွာနှင့်စိတ် ပါဝင်စားစွာ လုပ်ဆောင်တတ်လျှင် လူ့ ဘဝသည့် လွန်စွာပျော်ရွှင်စရာကောင်း ပေမည်။ ခန္ဓာနှင့်ဝိညာဉ်အတွက်ပါ လွန်စွာအကျိုး ရှိနေပေလိမ့်မည်။

ဟန်ဆောင်ခြင်းကို တိုက်ဖျက်တဲ့နေရာမှာ ၆း၁၈-၃၁ ထဲက ဧလိယတ ဟာ စံပြပဲ။ ဒါပေမဲ့ ဟန်ဆောင်တိုင်း မကောင်းဘူးလို့ပြောလို့ မရနိုင်ပြန်ဘူး။မိဘဆရာသမားတွေ သားတပည့်တွေကို ဆိုဆုံးမတဲ့အခါ တစ်ခါတစ်ခါ စိတ်မဆိုးချင်လည်း စိတ်ဆိုးဟန်ဆောင်ပြရ၊ မပြုံး ချင်လည်းပြုံးပြရတာတို့ ရှိတတ်သည်။ တစ်ချို့ကျပြန်တော့ ဟန်ဆောင်ပြီးပေါင်းရာကနေ ချစ်သူဖြစ်သွားတဲ့ အတွဲတွေလည်း ရှိသေး။ သရုပ်ဆောင်မင်းသားမင်းသမီး တွေ သရုပ်ဆောင်ပီပြင်ဖို့ ဟန်ဆောင်ပြတတ်ရတယ်။ လူငယ်တစ်ယောက် ပြောဖူးတယ်။ “ဟန်ဆောင်ခြင်းဆိုတာ မကောင်းဘူးပေါ့။ ဒါပေမဲ့ သူတစ်ပါးကို မထိခိုက်စေဘဲ စိတ်ချမ်းသာစေမယ်ဆိုရင် ဟန်ဆောင်ပေးချင်ပါတယ်” ဆိုပြီး။

ထို့ကြောင့် ကျွနု်ပ်တို့၏နေ့စဉ်ဘဝ၌ အားနာလို့ ဟန်ဆောင်လိုက်ရတာတွေ၊ သိဟန်ဆောင် မသိဟန်ဆောင်တာတွေ မကြုံရလေအောင် သတိထားသင့်လှပေသည်။ ဟန်ဆောင်ခြင်းသည် ငယ်စဉ်က အကျင့်ဆိုးတစ်ခုဖြစ်သော်လည်း ယခုအချိန်မှစ၍ ပယ်ဖျက်ကာ လူသားတိုင်း ဟန်ဆောင်ခြင်းကင်းစွာဖြင့် အေးချမ်း သောကမ္ဘာမြေကြီး တည်ဆောက်နိုင်လျှင် မည်မျှပျော်ရွှင်စရာ ကောင်းလိမ့်မည်နည်း။ အမှန်စင်စစ် ဟန်ဆောင်ခြင်းသည် ဘုရားမကြိုက်လူမကြိုက် ဖြစ်သည်မဟုတ်ပါလော။
ဟန်ဆောင်လောက
ငြိမ်းချမ်း စေသား....။

အိုအေစစ်






2019-12-18 18:34:50
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.