Untitled Document
Untitled Document

အသင်းတော်နှင့်မိသားစုအသက်တာ

အသင်းတော်နှင့်မိသားစုအသက်တာ

လူ့အသိုင်းအဝိုင်း၏ အခြေခံအုတ်မြစ်သည် မိသားစုပင် ဖြစ်ပါသည်။ လူမှုပတ်ဝန်းကျင်အတွက် အခြေခံကျလှသော မိသားစုသည် မည်ကဲ့သို့ရှင်သန်သင့်သည်မှာ မိသားစုတိုင်း မိသားစုတိုင်းအဖို့ အလွန်အရေးကြီးသောအရာပင် ဖြစ်ပါသည်။ ကောင်းမြတ်သော လူမှုအသိုင်းအဝိုင်းကို တည်ထောင်လိုလျှင် မိသားစုမှစတင်နေပါသည်။ မိသားစု၌ကောင်းမြတ်သောအရာများ အစပြုကာ သင်ယူရှင်သန်စေခြင်းအားဖြင့် မိမိတို့သည် ပတ်ဝန်းကျင်ကမ္ဘာကို အလှဆင်သူများ ပင်ဖြစ်လာကြသည်။


လူမှုအသိုင်းအဝိုင်းအတွက် မိသားစုသည် အလွန်ပင်အရေးပါသကဲ့သို့ အသင်းတော်၏ အသက်တာ၌လည်း မိသားစုသည် အလွန်အရေးကြီးသော ကဏ္ဍတစ်ရပ်တွင် နေရာယူထားပါသည်။ အဘယ်ကြောင့်ဆိုသော် အသင်းတော်၏ အခြေခံအုတ်မြစ်ဖြစ်သည့် မိသားစုပင်ဖြစ်သောကြောင့်တည်း။ ထို့ကြောင့် ရဟန်းမင်းကြီး ဒုတိယမြောက်စိန်ဂျွန်ပေါလ်က မိသားစုအသင်းတော် ဟူသော ဝေါဟာရကို အသုံးပြုခဲ့ပါသည်။ တစ်နည်းအားဖြင့် မိသားစုတိုင်းသည် အသင်းတော်(Chruch) သဖွယ် ဖြစ်ရမည်။ လူမှုဝန်းကျင်နှင့် အသင်းတော်အတွက် မိသားစုအသက်တာသည် အလွန်အရေးပါသောအရာပင် ဖြစ်ပါသည်။ မိသားစုဆိုရာတွင် သင်နှင့်ကျွနု်ပ်တို့၏ အသက်တာပင် ဖြစ်ပါသည်။ မိသားစုတိုင်း ရှင်သန်အပ်သောအသက်တာကို နာဇရပ်မှသန့်ရှင်းသော အိမ်ထောင်စုကလေးဖြစ်သည့် ယေဇူး၊ မာရီယား၊ ဇူဇယ်တို့ကလမ်းပြပေးလျက် ရှိပါသည်။ ရှင်သန်ရသော လူ့ဘဝအသက်တာကို အဓိပ္ပါယ်ရှိရှိ၊ အနှစ်သာရရှိရှိ ရှင်သန်နိုင်ကြရန် သန့်ရှင်းသောအိမ်ထောင်စုကလေးကို အတုယူကြပါလျှင် ပြည့်စုံခြင်းသို့ ရောက်ပါလိမ့်မည်။


သန့်ရှင်းသောအိမ်ထောင်စုကလေးသည် မိသားစုအသင်းတော်အတွက် ကြည့်မှန်သဖွယ် တစ်ရိပ်ရိပ်နှင့် ထောက်ရှု လေ့လာသင်ယူဖွယ် မြောက်များစွာတို့ကို လမ်းပြခေါ်ဆောင်နေပါသည်။ မိသားစုသည် ပထမဦးစွာ ညဆုတောင်းရာနေရာကလေး ဖြစ်အပ်သည်။ သား၊ သမီး အနေဖြင့် မိဘများ၏ ပုံကောင်း သက်သေများနှင့်အတူ ဆုံးမစကား များကြောင့် ဘုရားရှင်ကို ကျေးဇူးတင်ချီးမွမ်းတတ်သော သား၊ သမီးများအဖြစ် တွန်းပို့ပေးပါသည်။ မိသားစု၌အတူတကွ ဆုတောင်းခြင်းကို လျစ်လျူရှုမိလျှင် ဆုတောင်းတတ်ရန် ခဲယဉ်းလှပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မိသားစုသည် သန့်ရှင်းခြင်း အသက်တာကို ခရီးပြုရာနေရာဖြစ်ပြီး လူမှုအသိုင်းအဝိုင်း၌ အဓိပ္ပါယ်ရှိသော လူ့ဘဝအသက်တာကို စတင်ပျိုးထောင်ရာနေရာ ဖြစ်ပါသည်။


မိသားစုသည် ချစ်ခြင်းမေတ္တာစတင်ခံစား ရာနေရာဖြစ်ပါသည်။ တစ်နည်း ဆိုရသော် တစ်ဦးနှင့်တစ်ဦး ချစ်ခြင်းမေတ္တာ ပွားများတတ်ရန်သင်ယူရာ နေရာပင် ဖြစ်ပါသည်။ ဘုရားရှင် လိုလား နှစ်သက်သော အသက်တာဖြစ်သကဲ့သို့ လူမှု အသိုင်းအဝိုင်းအတွက် အကျိုး ဖြစ်ထွန်းစေသော အရာလည်း ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာ တရားကို လက်စွဲထား ရှင်သန်ခြင်းဖြင့် သည်းခံခြင်း၊ စိတ်ရှည်ခြင်း၊ ခွင့်လွှတ်နားလည်ပေးခြင်း၊ လေးစားခြင်း၊ သိမ်မွေ့ခြင်းစသော ကောင်းမြတ်ခြင်းများဖြင့် မိမိဘဝကို တန်ဆာဆင်နိုင်သူ ဖြစ်လာပါလိမ့်မည်။


ထို့ကြောင့် မိသားစုကို ဦးစွာပထမ အတူတကွ ဆုတောင်းတတ်ရန် ကျင့်ကြံရင်း ချစ်ခြင်းတရား လွှမ်းမိုးသော အသိုင်းအဝိုင်း ကလေးအဖြစ် ရှင်သန်ကာ အသင်းတော်၌ နိုးကြားလှုပ်ရှား ပါဝင်ခြင်းဖြင့် အဓိပ္ပါယ်ရှိသော ဘဝအသက်တာ ပိုင်ဆိုင်လျက် လူ့ဘောင်လူ့အဖွဲ့အစည်းအတွက် အကျိုး ဖြစ်ထွန်းစေမည်သာ ဖြစ်ပါသည်။


စိမ်း (ကလေး)

 


2019-12-18 07:41:42
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.