Untitled Document
Untitled Document

ရှင်သန်သော ယုံကြည်ခြင်း


ရှင်သန်သော ယုံကြည်ခြင်း

ယုံကြည်ခြင်းအသက်တာ၏ သက်သေသည် ကျွနု်ပ်တို့၏ လုပ်ဆောင်ခြင်းဖြစ်သည်။ ယုံကြည်ခြင်းကို လုပ်ဆောင်မှုဖြင့် သက်သေပြုရသည်။ သို့မှသာမိမိ၏ ယုံကြည်ခြင်း သည်ရှင်သန်သော ယုံကြည်ခြင်းဖြစ်ပါလိမ့်မည်။ ယုံကြည်ခြင်းသည်နှုတ်မှဖွင့်ဟရုံ သက်သက် မဟုတ်ပါ။ မိမိ၏ ယုံကြည်ခြင်းကို နှုတ်မှဖွင့်ဟရုံဖြင့် ခရစ်ယာန်များ၊ ကယ်တင်ခြင်းခံရသူများဟုကြွေးကြော် ကာ လွယ်လင့်တကူ ဟောပြောခြင်းများကို အထူးသတိပြုရန် လိုအပ်ပါသည်။ သမ္မာကျမ်းစာက “ကျင့်ကြံမှုမရှိသော ယုံကြည်ခြင်းသည် အသေဖြစ်၏” (ရှင်မာတေးဦး ၂း၁၇) ဟု ဖော်ပြထားပါသည်။ မိမိ၏ ယုံကြည်ခြင်းသည် ရှင်သန်သောယုံကြည်ခြင်းဖြစ်ဖို့ရန် လုပ်ဆောင်မှု၊ ကျင့်ကြံမှုကို တောင်းဆိုနေပါသည်။


ခရစ်တော်ဘုရားရှင် ကိုယ်တော်တိုင်က သူ၏နာမတော်၌ ဟောပြောခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းများစွာသော တန်ခိုးတို့ကို ပြသခြင်း အစရှိသည်တို့ကို ပြုခဲ့ကြသော သူတို့အား ငါသည်သင်တို့ကို လုံးဝမသိဟု မိန့်ကြားတော်မူလိမ့်မည် (ရှင်မာတေးဦး ရး၂၂)။ ခရစ်တော်ဘုရား၏ အကြောင်းများ၊သမ္မာကျမ်းစာအကြောင်းများ ဟောကြား သွန်သင်နေကြသော်လည်း ဟောကြားဝေမျှနေသော အကြောင်းတရားများသည် ဘုရားရှင်၏ အလိုတော်နှင့် သွေဖည်သွားနိုင်ကြောင်း သမ္မာကျမ်းစာက သတိပြုစေပါသည်။


ထို့ကြောင့် ခရစ်တော်ဘုရားရှင်က ငါ့ကိုသခင်သခင်ဟု ခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည် မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုတော်ကို ဆောင်ရွက်သောသူသာလျှင် ဝင်ရလိမ့်မည်ဟု (ရှင်မာတေးဦး ရး၂၁) မိန့်တော်မူလေသည်။ သို့ဖြစ်၍ ခရစ်တော်ဘုရားရှင် အလိုတော်ရှိသော ယုံကြည်ခြင်းသည် နှုတ်ဖြင့်ဖွင့်ဟ ရုံသက်သက် မဟုတ်ဘဲရှင်သန်သော ယုံကြည်ခြင်းမျိုးပင် ဖြစ်ပါသည်။


ခရစ်တော်ဘုရားရှင်က “ငါ၏ စကားကိုကြား၍ ကျင့်သောသူ ဟူသမျှသည် ကျောက်ပေါ်၌ မိမိ၏ အိမ်ကိုဆောက်ထားသောပညာရှိနှင့် တူလိမ့်မည်”(ရှင်မာတေးဦး ရး၂၄) ဟု မိန့်ကြားတော်မူသည်။ ကျွနု်ပ်တို့သည် နှုတ်ကပတ်တရားတော်သမ္မာကျမ်းစာကို နားထောင်၍ နားဖြင့်ကြားရုံ၊ လက်ခံရုံသက်သက်မဟုတ်ဘဲ နှလုံးသား ထဲ၌ စွဲမြဲစွာ ထောက်ရှုကာ ကျင့်ကြံဖို့ရန် လိုအပ်ပါသည်။ နှုတ်ကပတ်တရားတော်ကို နားဖြင့်ကြားနာကာ နှလုံးသားဖြင့်ထောက်ရှုပြီး ဘဝအသက်တာ၌ ကျင့်ကြံခြင်းဖြင့် ဘုရားရှင်၏ အလိုတော်ကို ဆောင်ရွက်အပ်ပါသည်။
သို့မှသာလျှင် ကျွနု်ပ်တို့၏ ခရစ်ယာန်အသက်တာတွင် ရှင်သန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်သူနှင့် တည်ကြည်ခိုင်ခံ့သော ယုံကြည်သူတစ်ဦး ဖြစ်လာပါလိမ့်မည်။

မောင်အေး


2019-12-18 04:05:15
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.