Untitled Document
Untitled Document

ပညာပါရမီနဲ့ အသိတရားရဲ့ ဂိတ်တံခါးဝဟာ အမြဲတမ်း ဖွင့်လျက် ရှိတယ်။



ပညာပါရမီနဲ့ အသိတရားရဲ့ ဂိတ်တံခါးဝဟာ အမြဲတမ်း ဖွင့်လျက် ရှိတယ်။

 

ဘဝဆိုတာ အရမ်းကို ရိုးစင်ပါတယ်။ ကျွန်တော်တို့ ပေးကမ်းလိုက်တဲ့အတိုင်း ပြန်ရကြတာပဲ ဖြစ်တယ်။

          ကျွန်တော်တို့ဟာ ကိုယ့်အကြောင်းကို စဉ်းစားတဲ့အရာက ကျွန်တော်တို့အတွက် အမှန်တရားဖြစ်လာတာချည်း ဖြစ်ပါတယ်။ ကျွန်တော်အပါအဝင် လူတိုင်းဟာ ကျွန်တော်တို့ဘဝမှာ ဖြစ်ပျက်နေတဲ့ အကောင်းဆုံးအရာ၊ အဆိုးဆုံးအရာတွေအတွက် တာဝန်ရှိကြတယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ စဉ်းစားနေတဲ့အတွေးအခေါ်တွေ၊ စိတ်ကူးအိပ်မက်တွေဟာ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပုံဖော်ပေးနေပါတယ်။ ကျွန်တော်တို့အယောက်စီတိုင်းဟာ မိမိတို့ရဲ့ စိတ်ခံစားချက်တွေ၊ စဉ်းစားတွေးခေါ်မှုတွေအားဖြင့် ကိုယ်ပိုင်အတွေ့အကြုံတွေကို ဖန်တီးရယူနေကြပါတယ်။ ကျွန်တော်တို့ စဉ်းစားစိတ်ကူးနေတဲ့ အတွေးအခေါ်တွေ၊ အိပ်မက်တွေ၊ ကျွန်တော်တို့ ပြောထွက်လိုက်တဲ့ စကားလုံးတွေဟာ ကျွန်တော်တို့ရဲ့ တွေ့ကြုံမှုတွေကို ဖန်းတီးပေးပါတယ်။

 

          ကျွန်တော်တို့ဟာ အခြေအနေ၊ ပတ်ဝန်းကျင်ကို ကိုယ်တိုင် ဖန်တီးကြတယ်။ ပြီးတော့ ကျွန်တော်တို့အတွက် အကျိုးမရှိတဲ့ သူတစ်ပါးကို အပြစ်တင်ခြင်းဖြင့်  ကျွန်တော်တို့ရဲ့စွမ်းအားတွေကို အလဟဿ ကုန်ဆုံးစေကြတယ်။ တကယ်တော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်နေရာ၊ ဘယ်အရာကမှ  ကျွန်တော်တို့အပေါ်မှာ လွှမ်းမိုးချုပ်ကိုင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ  စဉ်းစားတွေးခေါ်နေသူဟာ ကျွန်တော်တို့ တစ်ဦးတည်းသာ ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ စိတ်ကို လွမ်းမိုးနိုင်သူဟာလည်း ကျွန်တော်တို့ တစ်ဦးတည်းသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ ငြိမ်းချမ်းမှု၊ သဟဇာတဖြစ်မှု၊ စိတ်တည်ငြိမ်မှုတွေကို ဖန်တီးမယ်ဆိုရင် ကျွန်တော်တို့ဘဝမှာ လက်တွေ့ခံစားကြရမှာ ဖြစ်တယ်။

 

အောက်ပါအကြောင်းအရာ နှစ်ခုထဲမှာ ဘယ်အရာကို ပိုကြိုက်နှစ်သက်ပါသလဲ။

          “လူတွေဟာ ငါ့ကို နာကျင်အောင်ပဲ လုပ်နေကြတယ်။”

          “လူတိုင်းဟာ အမြဲတမ်း ကူညီဖေးမတတ်ကြတယ်။”

          ဒီအကြောင်းအရာ နှစ်ခုထဲက ဘယ်အရာကိုပဲ ကြိုက်ကြိုက်၊ သင် ကြိုက်နှစ်သက်တဲ့ အကြောင်းအရာတစ်ခုဟာ ယုံကြည်စိတ်စွဲနေမှု တစ်ခုပဲ ဖြစ်တယ်။ အဲဒီယုံကြည်စိတ်စွဲနေမှုက မတူခြားနားတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးပါလိမ့်မယ်။ မိမိတို့ရဲ့အကြောင်းပဲဖြစ်ဖြစ်၊ ဘဝအကြောင်းပဲဖြစ်ဖြစ် မိမိတို့ ယုံကြည်စွဲလမ်းရာဟာ ကျွန်တော်တို့အတွက် အမှန်တရား ဖြစ်လာပါတယ်။

 

ကျွန်တော်တို့ စဉ်းစားဖို့၊ ယုံကြည်ဖို့ ရွေးချယ်လိုက်တဲ့ အတွေးအခေါ်၊ ဆင်ခြင်မှုတိုင်းကို စကြာဝဋ္ဌာကြီးက အပြည့်အဝထောက်ပံ့ကူညီပေးပါတယ်။

          တစ်ခြားနည်းနဲ့ပြောရမယ်ဆိုရင်၊ ကျွန်တော်တို့ ယုံကြည်ဖို့ ရွေးချယ်လိုက်တဲ့အရာတွေကို ကျွန်တော်တို့ရဲ့ သြတ္တပ္ပစိတ်က လက်ခံပေးပါတယ်။ ဆိုလိုရင်းကတော့ ကျွန်တော်ဘဝအကြောင်း၊ ကျွန်တော့်ရဲ့အကြောင်းနဲ့ပတ်သက်ပြီး ကျွန်တော် ယုံကြည်ထားတဲ့အရာတွေ ကျွန်တော့်အတွက် အမှန်တကယ် ဖြစ်လာပါတယ်။ သင့်ဘဝအကြောင်းနဲ့ သင်ကိုယ်တိုင်ရဲ့အကြောင်းနဲ့ ပတ်သက်ပြီး သင် စဉ်းစားဖို့ ရွေးချယ်လိုက်တဲ့အရာဟာ သင့်အတွက် အမှန်တကယ် ဖြစ်တည်လာပါတယ်။ ကျွန်တော်တို့ဘဝအကြောင်းကို စဉ်းစားမယ်ဆိုပြီး ရွေးချယ်နိုင်တဲ့အခွင့်အလမ်းဟာ အကန့်အသတ်မဲ့ ဖြစ်ပါတယ်။

          ဒီအကြောင်းကို သိထားမယ်ဆိုရင်၊ “လူတွေဟာ ငါ့ကို နာကျင်အောင်ပဲ လုပ်နေကြတယ်”ဆိုတဲ့ အတွေးအမြင်မျိုးထက် “လူတွေဟာ ငါ့ကို အမြဲတမ်း ကူညီဖေးမကြတယ်” ဆိုတဲ့ အတွေးအမြင်မျိုးကို ရွေးချယ်ခြင်းဟာ ပိုပြီး အဓိပ္ပာယ်ရှိလာမှာ ဖြစ်တယ်။

 

စကြာဝဋ္ဌာနဲ့ဆိုင်တဲ့ စွမ်းအားတန်ခိုးက ကျွန်တော်တို့ကို ဘယ်တော့မှ ဝေဖန်မှု၊ တရားစီရင်မှုတွေ မလုပ်ပါဘူး။

          စကြာဝဋ္ဌာနဲ့ဆိုင်တဲ့ စွမ်းအားတန်ခိုးက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်တန်ဖိုးကို အလေးထားလက်ခံပေးပါတယ်။ ကျွန်တော်တို့ ယုံကြည်စိတ်စွဲချက်တွေကို ကျွန်တော်တို့ရဲ့ဘဝမှာ ပြန်ပြီး ထင်ဟပ်စေပါတယ်။ ‘ဘဝဟာ အထီးကျန်ဆန်တယ်၊ ဘယ်သူကမှ ငါ့ကို မချစ်ဘူး’ဆိုပြီး ကျွန်တော် ယုံကြည်စိတ်စွဲနေမယ်ဆိုရင် ကျွန်တော့်ရဲ့ကမ္ဘာမှာ အဲဒီလို ခါးတီးမှုကို အမှန်တကယ်တွေ့ကြုံမှာ ဖြစ်တယ်။

 

          ဒါပေမယ့် ကျွန်တော်ဟာ အဲဒီယုံကြည်စိတ်စွဲနေမှုကို ဖယ်ထုတ်ပစ်ပယ်ချင်တဲ့ ဆန္ဒရှိမယ်ဆိုရင်၊ ‘ချစ်ခြင်းမေတ္တာဟာ နေရာတိုင်းမှာ ရှိတယ်။ ကျွန်တော်ဟာ ချစ်ခင်တတ်တယ်။ ချစ်ခင်နှစ်သက်ဖွယ်ကောင်းတယ်’ ဆိုပြီး မိမိကိုယ်ကို အတည်ပြုချင်တဲ့ ဆန္ဒရှိမယ်ဆိုရင်၊ အဲဒီဆန္ဒကို မိမိကိုယ်ကို အမြဲ သတိပေးပြီး အဲဒီဆန္ဒမှာ တည်ကြည်မြဲမြံနေတယ်ဆိုရင်၊ အဲဒီဆန္ဒဟာ ကျွန်တော့်ဘဝအတွက် အမှန်တရားအဖြစ် ရုပ်လုံးပေါ်လာမှာ ဖြစ်တယ်။ ချစ်ခင်စရာကောင်းတဲ့သူတွေ ကျွန်တော့်ဘဝထဲကို ဝင်လာကြလိမ့်မယ်။ ကျွန်တော့်ဘဝမှာ ရှိနှင့်ပြီးသောသူတွေဖြစ်တဲ့ မိတ်ဆွေတွေဟာလည်း ပိုပြီး ချစ်ခင်နှစ်သက်စရာကောင်းလာလိမ့်မယ်။ဒါ့အပြင် တစ်ခြားသူတွေကို သင် ချစ်ခင်နှစ်သက်ကြောင်းကို သက်သောင့်သက်သာနဲ့ ပြသနိုင်လာပါလိမ့်မယ်။ (ဆက်လက်ဖော်ပြပါမည်။)

 

 

မှတ်ချက်။        ။ “You can heal your life by Louise Hay” မှ ကောက်နှုတ် ပြန်ဆိုသည်။

 

တောင်ကတုံး(နှင်းပွင့်)

 

 


2019-12-17 22:50:53
ဆောင်းပါး
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.