Untitled Document
Untitled Document

 

 

သီလရှင် ဝါတော် (၅၀) ပြည့်ရွှေစင်ဂျူဗလီကျင်းပ


သီလရှင် ဝါတော် (၅၀) ပြည့်ရွှေစင်ဂျူဗလီကျင်းပ

စိန်ဂျိုးဇက် သီလရှင်ဂိုဏ်းမှ Sr. Mary Ning Khan Do ၏သီလရှင်ဝါတော် (၅၀) ပြည့် ရွှေစင် ဂျူဗလီပွဲကို မိမိ၏ မွေးရပ်ဇာတိဖြစ်သည့် ချင်းပြည်နယ်၊တီးတိန်မြို့နယ်၊ ဆိုင်းဇန်ရွာ၌ (၂၇.၁၀.၂၀၁၉)ခုနှစ်တွင် ကျင်းပခဲ့ပါသည်။

၎င်းဂျူဗလီပွဲမစ္ဆားတရားတော်မြတ်ကိုကလေးသာသနာပိုင် ဆရာတော်ကြီး Felix LianKhen Thang နှင့် မန္တလေးဂိုဏ်းချုပ် သာသနာမှကြွရောက်လာသောArchbishop Paul Zing thungGrawng (Emeritus) တို့နှင့်အတူဘုန်းတော်ကြီး (၁၉)ပါးကနေပူဇော်ပြီး ၊ သီလရှင်များနှင့် ဘာသာတူများ လူဦးရေစုစုပေါင်း (၁၀၀၀) ခန့် တက်ရောက်ပါဝင်ခဲ့ပါသည်။ ဂျူဗလီမစ္ဆားပူဇော်ပြီးနောက် ညနေ (၃း၀၀) နာရီတွင် ဂျူဗလီရှင် Sr. Mary အားဂုဏ်ပြု နှုတ်ဆက်လက်ဆောင်များ ဆက်သပွဲနှင့် ညစာသုံးဆောင်ပြီး ကျောင်းထိုင်ဘုန်းတော်ကြီးFr. Titus Khanno၏ ဦးဆောင်မှုဖြင့် လူငယ် မောင်မယ်များမှကပြ၊ သီဆိုဖျော်ဖြေကာ ဂျူဗလီပွဲအောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

Sr. Maryသည် တီးတိန်မြို့နယ် ဆိုင်းဇန်ရွာ၌ (၁.၁.၁၉၄၁) ခုနှစ် တွင်မွေးဖွားခဲ့သည်။ သူမမွေးဖွားပြီးတစ်နှစ်လောက်ကြာ (၁၉၄၂)ခုနှစ် ကျမှ ပြင်သစ်သာသနာပြု ဘုန်းတော်ကြီးများ ဆိုင်းဇန်ရွာသို့ရောက်ရှိလာပြီး (၁၉၅၀) ခုနှစ်တွင်  Fr. Blivet (MEP)၏ လက်တော်မှ အရင်ဦးဆုံး ဆေးကြောခြင်းခံသည့်သူ (၆)ဦးသာရှိခဲ့ပါသည်။  Sr. Mary၏ မိဘများကိုယ်တိုင် ဘာသာထဲ မဝင်ရသေးသည့်အတွက် သူမသည် သီလရှင်ကျောင်းဝင်ဖို့ရန်အတွက် မိဘ၊ဆွေမျိုးများ၏ တားဆီးခြင်းနှင့်ခွင့်မလွတ် နိုင်မှု အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။  ပိုဆိုးတာက သူသည် မွေးချင်းမောင်နှမ (၆) ယောက်အနက် အကြီးဆုံးဖြစ်သောကြောင့် ဘာသာရေးအကြောင်းမသိတဲ့ မိဘတွေက အလုပ်ခိုင်းဖို့၊ အိမ်ထောင်ပြုပေးဖို့သာ စိတ်ကူးခဲ့ပါသည်။

 ဒီလိုအခက်မျိူးစုံရင်ဆိုင် ကျော်လွှားပြီး (၁၉၅၈) ခုနှစ်တွင် သီလရှင်ကျောင်း ဝင်ခဲ့သော်လည်း သီလရှင်ဖြစ်ခါနီး အချိန်တွင် အကြီးအကဲများ၏ နားလည်မှုလွဲမှားခြင်းကြောင့် သီလရှင်ဖြစ်ဖို့ ဆိုင်းငံ့ထားခြင်းခံရသည်အထိ နှောင့်ယှက်ခြင်းအခက်အခဲများ ကြုံခဲ့ရပါသည်။ သို့သော် သူမသည် လုံးဝဇွဲမလျှော့ပဲအမိမယ်တော်မာရီယားကိုအားကိုးပြီး ကြိုးစားခဲ့သောကြောင့် (၁၉၆၉) ခုနှစ်တွင် သီလရှင်တစ်ပါး ဖြစ်လာခဲ့ပြီး အခုချိန်မှာ ဝါတော် (၅၀) ပြည့် အသက် (၇၈) နှစ်တိုင်အောင် စိတ်ချမ်းသာစွာ ဘုရားအမှုတော်ထမ်းဆောင်နိုင်ခြင်း ဖြစ်ပါသည်။

သူမသည် ချင်းပြည်နယ်မြောက် ပိုင်းတွင် သီလရှင် ဝါတော် (၅၀) ပြည့်ရွှေစင်ဂျူဗလီအရင်ဦးဆုံးကျင်းပ နိုင်သူဖြစ်မည်လို့လည်း စာရေးသူအနေနှင့် မျှော်လင့်မိပါသည်။ သူမကိုယ်တိုင်ကြည့်ရှု ပျိုးထောင်ခဲ့သည့် ဘော်ဒါ ကျောင်းသူ၊ သားများထဲမှလည်း ယခုအချိန်တွင် တိုင်းပြည် ကောင်းစားရေးအတွက် တစ်ဖက် တစ်လမ်းမှပံ့ပူးကူညီပေးသည့် အစိုးရဌါနမှာသော်လည်းကောင်း၊ NGO၌သော်လည်းကောင်း၊ ဝန်ထမ်းကောင်း များစွာရှိသည့််အပြင် ဘုန်းတော်ကြီးများနှင့် သီလရှင်များလည်းရှိသည့် အတွက် သူမ၏သာသနာပြုလုပ်ငန်းသည် အသင်းတော်အတွက်ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာဖြစ်ကြောင်း   စာရေးသူအနေနှင့် သိမှတ်ဝန်ခံဂုဏ် ပြုရပါသည်။

 စစ္စတာရ် မေရီအတွက် ဆက်လက် ဆုေတောင်းပေးကြပါစို့  လို့ပြောကြားရင်း မိမိတို့အရောက်တိုင်း၏ ခေါ်တော်မူခြင်းလမ်းစဉ်အသီးသီး၌ ဘုရားပေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ကြပါစေလို့ စာဖတ်သူအရောက်တိုင်းအား ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
 
Joseph Mung
(OSC Kalay)


2019-12-05 22:36:38
အေထြေထြ
Untitled Document copyright © www.kalaycatholicdiocese.com, All rights reserved.